တစ်ခါက ရပ်ကွက်တစ်ခု ရှိခဲ့တယ်။ အဲဒီရပ်ကွက်ဟာ ဆင်ခြေဖုံးနေရာဖြစ်တာကြောင့် မြို့ပြရဲ့ ဆူညံ မွမ်းကြပ်ခြင်းတွေနဲ့လည်း ဝေးတယ်။ လေကောင်းလေသန့်ရတယ်။ ရပ်ကွက်ရဲ့အိမ်တိုင်းဟာ ကိုယ်ပိုင်သီးခြား ခြံငယ်လေးတွေရှိကြတယ်။ ဒါပေမယ့်လည်း ရပ်ကွက်ထဲကလူတွေဟာ မိမိတို့ရဲ့ခြံ၀င်းကို သပ်ယပ်စွာ ပြင်ဆင်ဖို့ ရပ်ကွက် အ၀င်လမ်းကို ပြင်ဆင်ဖို့ လျစ်လျူရှုထားကြတယ်။ အဲဒီအတွက် သူတို့ရပ်ကွက်ရဲ့ အ၀င်လမ်းဟာ ချိုင့်ခွက်တွေ ရွံ့ညွံတွေနဲ့ ကြမ်းတမ်းနေတယ်။ ရပ်ကွက်သားတွေရဲ့အိမ်နဲ့ ခြံတိုင်းဟာလည်း ညောင်ပင်တွေ၊ မြက်ပင်ရိုင်းတွေ၊ အ၀တ်တန်းတွေနဲ့ ရှုပ်ပွညစ်နွမ်းနေခဲ့တယ်။ အဆိုးဆုံးကတော့ ရပ်ကွက်အ၀င်၀က အိမ်ပဲဖြစ်တယ်။ အဲဒီအိမ်ရဲ့ဟာ လူနေထိုင်ခြင်းမရှိတဲ့ နှစ်တွေတော်တော်ကြာတာကြောင့်လည်း မြက်ပင်ရိုင်းတွေဟာ လူတစ်ရပ်နီးနီးပဲ ဖြစ်နေခဲ့တယ်။ အဲဒီအပြင် ကျိုးပဲ့နေတဲ့ ခြံ၀င်းတံခါးတွေ၊ ပြတင်းပေါက်တွေဟာလည်း အဲဒီအိမ်ကိုကြောက်မက်ဖွယ်အသွင် ဆောင်စေတယ်။
-
တစ်နေ့တော့ သူတို့ရပ်ကွက်အ၀င်လမ်းရဲ့ ထိပ်ဆုံးခြံကို ဥယျာဉ်မှူးလူငယ်လေးတစ်ယောက် ပြောင်းရွှေ့လာခဲ့တယ်။ ရပ်ကွက်သားတွေလည်းပဲ လူငယ်လေးကို နှုတ်ဆက်ကြ၊ မိမိကိုယ်ကို မိတ်ဆက်ကြနဲ့ အလုပ်များသွားကြတယ်။ လူငယ်လေးက ရပ်ကွက်သားတွေရဲ့ ခြံ၀င်းတွေ အိမ်တွေကို လိုက်လံလည်ပတ်ပြီး ဒီလိုမေးခဲ့တယ်
-
"အစ်ကိုတို့ ရပ်ကွက်လမ်းနဲ့၊ အစ်ကိုတို့ရဲ့ ခြံတွေကို မြက်ရိတ်တာတို့ ပန်းပင်လေးတွေစိုက်တာတို့၊ လမ်းခင်းတာတို့ ဘာလို့မလုပ်ကြတာလဲ"
အဲဒီလို လူငယ်လေးရဲ့ စကားကို ကြားတဲ့အခါ ရပ်ကွက်သားတွေက ဒီလိုပြန်ပြောတယ်
-
"အေးကွာ ဒီရပ်ကွက်ကတော့ ဒီလိုပဲ စုတ်ပြတ်နေတာပဲ။ ဒီအတိုင်းလည်း နေလို့ရနေတာပဲလေ။ အလုပ်ရှုပ်တာပဲအဖတ်တင်တယ်။ အရေးမကြီးဘူးလေ"
-
လူငယ်လေးဟာ တစ်စုံတစ်ရာမှ ပြန်လည်ပြောဆိုခြင်းမရှိတော့ဘဲ ရပ်ကွက်သားတွေကိုနှုတ်ဆက်ပြီး မိမိအိမ်ထဲကို ၀င်သွားခဲ့တယ်။ ညနေစောင်းမှာတော့ သူဟာ မြက်ရိပ်စက်တစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ ရပ်ကွက်သားတွေဟာလည်း လူငယ်လေးကို အလုပ်မရှိအလုပ်ရှာသူအဖြစ် ခရီးသွားဟန်လွှဲ စပ်စုကြတယ်။ နောက်တစ်နေ့မနက်မှာတော့ ဥယျာဉ်မှူးလူငယ်ရဲ့အိမ်ဟာ လှပတဲ့မြက်ခင်းပြင်လေးတစ်ခုရှိလာတယ်။ နောက်နေ့၊ နောက်နေ့တွမှာလည်း လူငယ်လေးဟာ သူ့ခြံအ၀င်တံခါးကိုပြုပြင်ခြင်း၊ လှပတဲ့ ဟယ်လီကိုနီယာ၊ ဒေလီယာ၊ လီလီ စတဲ့ ပန်းလေးတွေကို ပုံစံကွက်ဖော်ပြီးစိုက်ပျိုးလိုက်တယ်။ သူ့နေအိမ်ကိုလည်း ဆေးသုတ်၊ ပြတင်းတံခါးတွေကိုပြန်လည်ပြင်ဆင်လိုက်တဲ့အခါမှာတော့ သူ့နေအိမ်ဟာ လှပပြီးနေချင့်စဖွယ်ပန်းခြံလေးနဲ့အတူ တင့်တယ်လာတယ်။
-
နောက်နေ့တွေမှာတော့ ရပ်ကွက်လေးရဲ့အိမ်တိုင်းလိုလိုဟာ မြက်ရိတ်စက်သံတွေနဲ့ ဆူညံလာတယ်။ ရပ်ကွက်သားတိုင်းဟာ လူငယ်လေးရဲ့နေအိမ်ကို အားကျအတုယူပြီး မိမိတို့ရဲ့နေအိမ်ကိုလှပအောင်ဖန်တီးဖို့ လိုတယ်ဆိုတာ သဘောပေါက်လာခဲ့ကြတယ်။ ပန်းခြံကို ပြုစုပျိုးထောင်ဖို့ စိုက်ပျိုးဖို့ နည်းနာတွေကို လူငယ်လေးဆီမှာ လာရောက်မေးမြန်းသူ အလုပ်အပ်နှံသူတွေနဲ့ စည်ကားလာတယ်။ ရက်သတ္တပါတ်တစ်ပါတ်ကျော် လွန်မြောက်သွားချိန်မှာတော့ အဲဒီရပ်ကွက်လေးဟာ အင်မတန်သာယာလှပတဲ့ ရပ်ကွက်လေးတစ်ခုဖြစ်လာတယ်။ တစ်လလောက်ကြာတဲ့အချိန်မှာတော့ ရပ်ကွက်သားတွေဟာ တစ်ယောက်တစ်လက် ဝိုင်းကူရင်းရပ်ကွက်အ၀င်လမ်းကို ပြင်ဆင်လိုက်ကြတယ်။ သူတို့ရပ်ကွက်လေးဟာ ဥယျာဉ်ရပ်ကွက်လေးတစ်ခု ဖြစ်လာခဲ့တယ်။
-
လောကမှာနေထိုင်ကြတဲ့ ကျွန်တော်တို့တွေဟာလည်း ၊ မိမိရဲ့နိုင်ငံ၊ မိမိလူမျိုး၊ မိမိမြို့၊ မိမိရဲ့ ရပ်ကွက်၊ မိမိရဲ့ မိသားစု ကို ကောင်းမွန်စေလိုကြသူချည်းဖြစ်တယ်။ အဲဒီလိုကောင်းမွန်စေကြတဲ့စေတနာနဲ့ပဲ လူငယ်လေးရဲ့အမေးစကားလို "ခင်ဗျာတို့အိမ်တွေကို ဘာလို့မြက်မရိတ်တာလဲ" ဆိုတဲ့ ဝေဖန်မှုတွေ၊ မေးခွန်းတွေ၊ လိုအပ်ချက်တွကို ထောက်ပြလေ့ ရှိသူများဖြစ်တယ်။ အဲဒီလို နိုင်ငံရဲ့အားနည်းချက်၊ မြို့ရွာရဲ့အားနည်းချက်တွေကိုထောက်ပြ ဝေဖန်နေရင်းနဲ့ပဲ ကျွန်တော်တို့ဟာ "မိမိကိုယ်ကို ပြုပြင်ခြင်း" အမှုကို မေ့လျော့ မျက်ကွယ်ပြုနေကြသူများပဲဖြစ်တယ်။
-
တကယ်တော့လည်း မိမိကိုယ်ကို ပြင်ဆင်ခြင်းဟာ မိသားစု၊ ရပ်ကွက်၊ မြို့၊ တိုင်းပြည် ရဲ့အနာဂတ်ကို ထုဆစ် ပြင်ဆင်ခြင်းရဲ့ ပထမဦးဆုံးခြေလှမ်းတစ်ခုပဲဖြစ်တယ်။ ကျွန်တော်တစ်ခါက ပြောခဲ့သလို "One Step towards changing the world" ဆိုတဲ့အတိုင်း မိမိကိုယ်တိုင်ရဲ့ ဖြူစင်ဖြောင့်မတ်ခြင်း၊ အလုပ်ကြိုးစားခြင်း၊ စည်းကမ်းသေ၀ပ်ခြင်းတွေကို အစပြုခြင်းသည်သာ မိမိပတ်၀န်းကျင်ကို ပြုပြင်ပြောင်းလဲခြင်းပဲဖြစ်တယ်။
-
ကျွန်တော်တို့ရဲ့အတွေးတွေဟာ "အကုန်လုံး စုတ်ပြတ်နေမှတော့ ငါ့အိမ်စုတ်ပြတ်နေတာ အကြောင်းမဟုတ်ပါဘူးလေ" ဆိုတဲ့ အတွေးကို အစပြုမွေးမြူရင်း နိုင်ငံသားတွေရဲ့ မယဉ်ကျးမှု၊ ရိုင်းစိုင်းမှု၊ စည်းကမ်းမဲ့မှု၊ ပညာမဲ့မှု၊ အုပ်ချုပ်သူတွေရဲ့ လွဲမှားမှုတွေကို လိုက်လံထောက်ပြ ညဉ်းတွားနေကြသူတွေဖြစ်တယ်။ အဲဒီလို စိတ်မျိုးဟာ pessimistic (မကောင်းမြင်) စိတ်ဓါတ်ရဲ့ ကနဦးအစသာလျင်ဖြစ်တယ်လို့ဆိုတယ်။ "အားလုံးမကောင်းလည်း ငါကောင်းအောင်လုပ်မယ်" ဆိုတဲ့ စိတ်ထားမျိုးကသာ optimistic အကောင်းမြင်စိတ်၊ အပြုသဘောဆောင်သောစိတ်၊ နိုင်ငံသားတိုင်းထားအပ်တဲ့ စိတ်မျိုးဖြစ်တယ်။ ကျွန်တော်တိုဟာ ကိုယ်ကစပြီး ခြေတစ်လှမ်းစလှမ်းသင့်တယ်..။ မိမိကိုယ်တိုင်ကစလို့ စည်းကမ်းလိုက်နာသင့်တယ်။ မိမိကိုယ်တိုင်ကစလို့ မကောင်းမှုကို ရှောင်ကျဉ်သင့်တယ်၊ မိမိကိုယ်တိုင်ကစလို့ ရေသာခိုစိတ်ကို ဖျောက်သင့်တယ်။ မိမိကိုယ်တိုင်ကစလို့ ချိုးခြံချွေတာသင့်တယ်။ မိမိကိုယ်တိုင်ကစလို့ ထကြွလုံ့လ ပြုသင့်ကြတယ်..။
-
- အမည်းတွေချည်းပဲစာရင် အဖြူစက်လေးက ကောင်းပါတယ်..
-အကုန်လုံးကို မကယ်နိုင်ပေမယ့်.. တစ်ယောက်တစ်လေတော့ ကယ်နိုင်တယ်၊
- အားလုံးမဖတ်ပေမယ့်.. တချို့တလေတော့ဖတ်တယ်.. ငါဆက်ရေးမယ်..
- ပတ်၀န်းကျင်တစ်ခုလုံး ရှုပ်ပွနေတာထက်စာရင်၊ ကိုယ့်နေအိမ်လေးသန့်ရှင်းနေတော့ တော်သေးတာပေါ့
- လူတွေမလိုက်နာလို့ ကွမ်းသွေးတွေ ပေပွနေလည်း၊ ငါတစ်ယောက်မထွေးပဲနေလိုက်ရင် နည်းနည်းတော့ သက်သာသွားမယ်.
- ကန်ဘောင်တစ်ခုလုံးမှာ လူတိုင်း စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ကြတယ်၊ ငါမပစ်ဘဲ နေလိုက်ရင် တစ်ယောက်စာတော့ သိမ်းရ သက်သာသွားတာပေါ့
-
စတဲ့အတွေးတွေကို မွေးမြူရင်း ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်အတွက် ခြေလှမ်းတစ်လှမ်းစတင်လှမ်းသင့်ကြတယ်။ မိမိကိုယ်ကို စတင်ပြောင်းလဲခြင်းသည်ဟာ နိုင်ငံတော်ကို ပြောင်းလဲခြင်းပဲဖြစ်တယ်။
credit....post