01 Mar
01Mar


လူတိုင်းအဆင်ပြေတဲ့ 

ဘဝလေးကို လိုချင်ကြတယ်

တခါတလေ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ရလို့ "အော်...ငါကံဆိုးလှချည်လားလို့" ညည်းမိကြတတ်ပါတယ်။ ဒီအတွေးက အမြဲတော့လည်း မမှန်ပါဘူး။ ကိုယ့်လို ငွေကြေး ဒုက္ခဆင်းရဲရောက်နေတဲ့လူတွေ ကမ္ဘာကြီးမှာ ဒုနဲ့ဒေးပါ၊ ကိုယ့်လို ကျန်းမာရေးမကောင်းတဲ့ လူတွေလည်း ကမ္ဘာကြီးမှာဒုနဲ့ဒေးပါ၊ ကိုယ့်လို အသည်းကွဲနေသူတွေလည်း ကမ္ဘာကြီးမှာဒုနဲ့ဒေးပါ။ ကိုယ်တဦးတည်း ခံနေရတယ်၊ ငါ့ကြမှ ကံဆိုးလိုက်လေခြင်းလို့ မတွေးမိပါစေနဲ့။ အခြားလူအများလည်း ငါ့လို တချိန်ချိန်မှာ ခံခဲ့ရပြီးပြီလို့ သဘောပေါက်တတ်ပါ။ ဒီအတွေးလေး ဝင်လာနိုင်ရင် သူတို့တောင်မှ ဒီအခက်အခဲ ဒုက္ခကို ဖြတ်ကျော်လာနိုင်ပြီပဲ၊ ငါလည်း ဖြတ်ကျော်နိုင်မှာပဲ လို့ ယုံကြည်လိုက်ပါ။ ဒါဆို အားတက်ပြီး၊ ဘဝကို စိတ်လက် အားလျော့မနေတော့ဘဲ လဲရာကထ၊ ကျရာကတက် အမြင့်သို့ ရှေ့ဆက် နေနိုင်မှာပါ။

တခါတလေတော့ သူများတွေလို ပျင်းလိုက်ဦးမယ်၊ သူများတွေလို အပျော်လိုက်စားလိုက်ဦးမယ်၊ သူများတွေလို အချိန်ဖြုန်းလိုက်ဦးမယ်လို့ စဉ်းစားဖူးလား။ ဒါဆိုရင်တော့ ပြန်သတိပေးပါရစေ။ သူတို့တွေ ပျင်းနေတာ၊ အပျော်လိုက်စားနေတာ၊ အချိန်ဖြုန်းနေတာ ဟာ သူတို့ ဘဝပါ။ ကိုယ့်ဘဝ၊ ကိုယ့်အဆင့် မဟုတ်ပါဘူး။ အချိန်တန်လို့ ဆယ်နှစ်ကြာ၊ အနှစ် နှစ်ဆယ်ကြာတဲ့အခါမှာ အရမ်းခြားနားသွားတဲ့ ကွဲပြားမှုတွေကို တွေ့ရမှာပါ။ ကိုယ်က အချိန်ဖြုန်းခဲ့ရင် အချိန်ဖြုန်းခဲ့ခြင်းရဲ့ နောင်တတွေ ကိုယ်တဦးထဲ ခံစားရမှာပါ။ ဘယ်သူကမှ ဝေငှခံစားပေးမှာ မဟုတ်ပါဘူး။ ကိုယ်က အပျင်းထူနေခဲ့ရဲ့၊ အပျော်အပါးလိုက်စားခဲ့ရင် ဒီ ဒဏ်တွေကို နောင်တချိန်မှာ ခံစားရမှာ ကိုယ်တဦးတည်းပါ။ အခြား သူတွေမဟုတ်ပါဘူး။ လူတိုင်း ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ် ခံစား၊ စံစား ရမှာပါ။ ဒီတော့ လိုအပ်တဲ့ နေရာ၊ အချိန်၊ အဖြစ်အပျက်တွေပေါ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ရွေးချယ်မှုတွေ လုပ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။။....

 

ဒီမှတ်သားစရာ အတိုအထွာလေးက သင့်အတွက်အကျိုးရှိတယ်ဆိုရင်၊ ကျွန်တော်အများကြီး ဝမ်းသာပါတယ်။နောက်နေ့မှာလည်း ထပ်ပို့ပေးပါဦးမယ်။ မရှင်းလင်းတဲ့အချက်ပဲဖြစ်ဖြစ်၊ မေးချင်တာပဲဖြစ်ဖြစ်၊ အတွေ့အကြုံဝေငှချင်ရင်ပဲဖြစ်ဖြစ် ကျွန်တော့်ဆီ စာပြန်လိုက်ပါ။ ပို့တဲ့စာတိုင်း ဖတ်ပါတယ်။

 

အစဉ်လေးစားစွာဖြင့်...

- ကိုသူရ



I BUILT MY SITE FOR FREE USING