29 Feb
29Feb


မင်္ဂလာပါ နွေ……..


-အချစ်ဆိုတာ ဘာမှန်းမသိတဲ့ 

formula(ပုံသေနည်း)တွေနဲ့ အစမ်းသပ်ခံ

ပြီးမှ ရလာတဲ့ product(ထုတ်ကုန်)

တစ်ခုများလား…


-ဝန်ခံပါတယ် နွေရယ်

နွေနဲ့မတွေ့ခင်စပ်ကြား

မိုး၊ ဆောင်း ကာလတွေများမှာ

တစ်ခါလောက်တော့ 

ငါလည်း ပက်ကြား အက်ခဲ့ဖူးတယ်..


-တစ်ခါတစ်ခါကျတော့လည်း

နွေရာသီကြီးတန်မဲ့ နည်းနည်းတော့ 

တိုက်စားခံရဖူးတယ်


-အတိတ်ကို မေ့နိုင်စွမ်းဆိုတာ

နင့် နှာခေါင်း လုံးလုံးလေးကနေ

နင်မသိအောင် ငါသင်ယူ •••••

တတ်မြောက်ခဲ့တာပဲလေ…


-တစ်ကဒ် (၁၅၀၀) ပေးပြီး

ဝယ်ထားတဲ့ ဆင်းကဒ်ဆိုတာကလည်း

နင်နဲ့ပါတ်သတ်တော့မှ မရှုံးသာတဲ့

ပြုံးစရာလေးတွေပါ နွေ….


-နင်ထပ်ဝတ်လာတဲ့ 

အင်္ကျီပုံစံလေးတွေ Notes လေးထဲ

ရေးမှတ် ၊ ဆွေးတတ်သူအတွက်တော့

ဒိုင်ယာရီစာအုပ် လေးလိုပဲ…..


-နင့်ကိုလေ… ချစ်တယ်ဆိုတာထက်

ဘယ်လို လေးနက်ပြရမှန်းမသိတဲ့ကောင်

ငါပါ နွေ….


-နင့်နှုတ်ခမ်းကြွက်သားတွေ

လှလှလေးကွေးမလို့လား 

ငါ့နှလုံးသား အလျားလိုက် ခုန်သွားလိမ့်မယ်

မလုပ်နဲ့ နွေ…..


-ခံစားချက်တွေကို

စကားလုံးတွေဖြစ်အောင် 

ပြောင်းလိုက်ပေမယ့် နင့်အကြည့် 

ခပ်စူးစူးလေးတစ်ချက်လောက်တောင်

ကဗျာမဆန်ခဲ့ဖူးဘူး….


-လေးနက်တဲ့ အချစ်ဆိုတာကို

ခလုတ်တိုက်မိတော့မှ နင်ဖုန်းမဆက်တာကို

ငါ့မှာ ငိုခြင်းချနေ မိတယ်နွေ…..


-နင်က ငါ့ရဲ့ကြယ်လေးတစ်စင်းဆိုလည်း 

မမှားဘူး ။ ခရစ်နှစ် ၂၀၂၀ မှာ 

ငါ့ရင်ခွင်ထဲ ထူးထူးဆန်းဆန်း 

တောက်ပနေတဲ့ ကြယ်တစ်စင်းရဲ့အမည်

ငါ့ရင်ထဲမှာရှိတယ် နွေ…


-နင့်ရင်ထဲမှာ အချစ်ဆိုတဲ့ 

ရာသီဥတုလေးတစ်ခု မွေးဖွားဖို့

ငါ့အလွမ်းတွေနဲ့ ငွေ့ရည်ဖွဲ့ရဖို့လည်း

ဝန်မလေးဘူး…..


-နင့်မျက်မှန် ၀င်းဝင်းလေးထက်မှာ

ငါ့မျှော်လင့်ချက် လင်းလင်းလေး တောက်ပခဲ့တယ်

တစ်ဝက်တစ်ပျက်ခံစားချက်လေးနဲ့

လပြည့်လကွယ် ရောက်တိုင်း

ငါ့မျှော်လင့်ချက်လေး 

မှောက်ကျ သွားတတ်တယ်…


-ဒီစာပိုဒ်တွေ ရေးရင်း

မိုးတွေကလည်း သည်း

ရင်ဘတ် တစ်ခုလုံးလည်း အလွမ်းတွေ ရွှဲလို့ တကယ်ပဲ….

နင်အလွမ်းမိတော့မယ် နွေရယ်….


-နင်နဲ့ပတ်သတ်သမျှတိုင်းကို

ကျောက်စာ၊ ပေစာ၊ မင်စာမဟုတ်ဘဲ

ရင်ဘတ်ထဲမှာ နေ့ညမနားထုဆစ်

မျက်မှန်အောက်က အကြည့်တစ်စုံတိုင်းကို

မူးယစ်နေသူပါ….. နွေ .....


-တာရာစုံတဲ့ည ဆိုပေမယ့်

ကြယ်တစ်စင်း……

နင့်အကြောင်းတွေတိုင်း

အသေလင်းခဲ့တယ် ငါ့ရင်ဘတ်နဲ့ 

ငါ့ညတွေထဲမှာပဲပေါ့….


အလွမ်းတွေနဲ့ တခုတရသိမ်းထားတဲ့မနက်ဖြန်

စောင့်…..မျှော်နေတာက

အိမ်အပြင်က နင်း…..လျှောက်လာမယ့်

ဖိနပ်သံကိုပါ နွေ……


-အချစ်ကို သက်သေပြဖို့လိုတယ်ဆိုရင်

အိမ်အပြန်လမ်းက သစ်ပင်တွေ

အိပ်ယာထက်က ခေါင်းအုံးနဲ့ ဖက်လုံး

ယုတ်စွအဆုံး အပေါ်မှန် တွေအက်ကွဲနေတဲ့ ငါ့ဖုန်းလေးတောင် နင့်ကို

ငါ အရမ်းချစ်မိနေတာ သိတယ် နွေ…..


-မသဲကွဲပေမယ့်လည်း

နင့်ကိုလွမ်းတဲ့ညတိုင်း

ကြယ်တွေအထွေးလိုက်ကြွေဖို့မလိုဘူး

လမင်းတစ်စင်း ကင်းမဲ့နေပါစေဦးတော့

အလွမ်းတွေနဲ့တင် 

ငါ့ရင်တစ်ခုလုံး လင်းနေဦးမှာပဲ……


-နင့်အကြည့်တွေကို

ငါ….သိနေပြီထင်တယ် နွေရယ်….

ကောင်းကင်ပျောက်လည်း မိုးရွာမယ်

ညဘက်ကိုလည်း နေသာမယ်……


-မ‌တွေ့ဖြစ်တာကြာလို့

အလွမ်းရက်တွေကိုတစ်ကိုယ်တည်းတူးဆွ

ငါတော့ ရူးရတော့မယ်ထင်ပါရဲ့…


-ချစ်လို့လှတာလား

လှလို့ချစ်တာလား ဆိုတာကလည်း

ကိုယ်တိုင်ကိုယ် မသိတာပါ…..

သေချာတာကတော့ 

ချစ်တယ်ဆိုတာပဲ….နွေ .....


-မျက်တောင် တစ်ချက် ခတ်တိုင်းဖြစ်ဖြစ် 

နှလုံးတစ်ခါခုန်တိုင်းပဲဆိုဆို 

ဝင်သက် ထွက်သက်တိုင်းလိုလို

ငါလေ…… နင့်ကို 

သတိရနေတယ် နွေရယ်….


-အရောင်တွေမလိုပါဘူး

ဘယ်အခြေအနေပဲရောက်ရောက်

အမြဲတမ်းဆန်းသစ်နေတာ 

တစ်ခုရှိတယ် 

အဲဒါ………..လူတစ်ယောက်မှာ

တစ်မျိုးစီ ရူးကြတယ်တဲ့

ငါလည်း နင်နဲ့ပါတ်သတ်လာရင်ရူးတာပဲ

ကမ္ဘာဦးကတည်းက 

ဖြစ်တည်ခဲ့တဲ့ အချစ်ဆိုတာနဲ့ပေါ့…


- ငါ့ diary ကို 

ဆက်မရေးဖြစ်တော့ပါဘူး နွေ

နှလုံးသားထဲမှာ နင်ရှိနေတယ်ဆိုတာသိရင်

စိတ်ကူးထဲမှာပဲ 

အချိန်တိုင်း ရေးလို့ရတယ်ဆိုတာ

နင်သိလား နွေ……..


-အချစ်မှာ မျက်စိပါတာ 

မပါတာတွေ ငါမသိဘူး…..

ငါ့ချစ်သူမှာ မျက်မှန်ပါတာတော့

ငါသိတယ်…..


-အိပ်မက်တွေလား

ခဏ ခဏ မက်တယ် နွေရယ်…

ခက်တာက ဆောင်းရာသီ

ကုန်ခါနီးကြီးဖြစ်နေတယ်ဒါပေမယ့်… 

နင်နဲ့ပါတ်သတ်လာရင်

အယူအဆဟောင်းတွေကိုလည်း 

စွန့်လွှတ်မိပြန်တယ်


- အချစ်ကို အာဒမ် နဲ့ ဧ၀ မကလို့ 

ဘယ်ကပဲစစ platonic(ပလေတို)မဟုတ်လို့

ဘယ်လိုပဲချစ်ချစ်

ငါလေ…. ချစ်နေခွင့်ရရင် ပြီးတာပါပဲ… 

နွေရယ် .......



I BUILT MY SITE FOR FREE USING